Header Ads

သီတင်းကျွတ်ညလေးတည

 


 သီတင်းကျွတ်ကာနီး လမ်းထဲမှ ဖွင့်ထားတဲ့ သီချင်းသံကို ကြားလိုက်ရသော အသံကြောင့် ချစ်သော် တယောက် ဟိုအရင် လူပျိုပေါက် ကာလ က အဖြစ်အပျက် တခုကို လျှပ်တပြတ် မြင်ယောင်မိတော့ တယောက်ထဲ ကြိတ်ပီးတော့ ပြုံးမိတော့တယ် .....
....
....

အဲ့ဒီအချိန်တုန်းက ချစ်သော်တယောက် လူပျိုပေါက် ကာလ ...

ဆံပင်အရှည်ထား လမ်းသူရဲ စတိုင်ဝတ်ဆင်ပီးတော့ Rocker လိုမျိုး ဂျင်းဘောင်းဘီကို မချွတ်တမ်း ဝတ်ဆင်ကာ လမ်းသလားနေသော အချိန် ...

တက္ကသိုလ် တက်ဖို့ ပြင်ဆင်ရင်း ကျောင်းများ မဖွင့်သေးချိန် လူငယ်လေးတွေ များသောအားဖြင့် လုပ်နေကျ ထုံးစံတခုလိုဖြစ်နေသော ဂစ်တာ တဒေါင်ဒေါင် တီးတတ်ချင်သော စိတ် ... တက်ကြွသော စိတ်ဖြင့် မတီးတတ်သေးသော်ငြားလည်း လူအထင်ကြီးအောင် ဂစ်တာကြီး ထမ်းပိုးရင်း ညပိုင်း လမ်းဘေး ပလက်ဖောင်းပေါ်မှာ လူငယ်များ စုဝေးပြီးတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ Rocker ကြီးများရဲ့ သီချင်းတွေကို အော်ဟစ် သီဆိုရင်း ပျော်ရွှင်နေသော အချိန် ...

ပလက်ဖောင်းမင်းသားဘဝကို ပျော်ပျော်ရွှင်ရွှင် ခံယူရင်း စီနီယာ အကိုကြီးများနဲ့ အတူ ဂစ်တာတီး သီချင်းဆိုကာ ပျော်နေကျသောအချိန် .... အဲ့လိုနဲ့ ....

တနှစ်တော့ ရပ်ကွက်ထဲ စတိတ်ချ်ရိူး လုပ်မယ်တဲ့ အသံတွေ ထွက်လာတယ် ... ဘာရမလဲ ချစ်သော်တို့ကတော့ ပျော်သည်ပေါ့... ညပိုင်း လမ်းဘေးပလက်ဖောင်းမှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အော်ဟစ် သီဆိုနေတာထက်စာရင် အခုလို ရပ်ကွက်ထဲမှာ စုဝေးပီးတော့ ရိူးလုပ်မယ်ဆိုတော့ အကွက်ဆိုက်တာပေါ့ ... သူက သီချင်းဆိုချင်နေသူ မဟုတ်လား ....
အဲ့ဒီ သတင်းကို သေချာအောင် အရင် စုံစမ်းရမယ် ....

ဒါနဲ့ ရပ်ကွက်ထဲက စီနီယာ အကိုကြီးတွေကို မေးကြည့်တော့ ဟုတ်တယ် လုပ်မယ် တဲ့ ... ကိုယ့်လူနဲ့ကိုယ် တီးကြ ဆိုကြ မယ်တဲ့ ... တီးဝိုင်း ပစ္စည်းတွေပဲ ငှားပြီး ရပ်ကွက်ထဲမယ် တီးတတ်တဲ့ သူတွေက ကိုယ်တိုင် တီးပြီး အစီအစဉ်လုပ်ကျမယ် တဲ့ .. ...

ဒီနေရာမှာ ရပ်ကွက်ထဲက စီနီယာ အကိုကြီးတွေက မိတ်ဆက်ပေးရရင်တော့ ကိုကြီးသာဒင်၊ ကိုကြီးဇော်ဦး၊ ကိုကြီးဖိုးသက်၊ ကိုကြီးပန်းရိုင်း...သူတို့တွေကတော့ ရပ်ကွက်ထဲမယ် နာမည်ကြီးတွေ ... တခုခုဆို ရပ်ကွက်လူကြီး ကိုတံငါ က သူတို့ကို ခေါ်ပြီးတော့ အကျိုးအကြောင်းပြော အစီအစဉ်တွေ ဆွဲ၊ သူတို့ကလည်း ရပ်ကွက်အရေးဆို အားကျိုးမာန်တက် ဆောင်ရွက်တတ်တဲ့ သူတွေ ဆိုတော့ အဆင်ပြေတာပေါ့.... သာရေးလည်း ရတယ် နာရေးလည်း ရတယ်လေ သူတို့က ဘက်စုံ စွယ်စုံရတယ် .... အခုလည်း သူတို့က အပေါင်းအသင်းများတော့ တီးဝိုင်းကိစ္စကို ရပ်ကွက်လူကြီးက ခေါ်တိုင်ပင်တော့ သူတို့ကလည်း တတ်နိုင်သမျှ အကူအညီပေးမယ် ဆိုပြီးတော့ အစီအစဉ် ဆွဲလိုက်ကျတယ်လေ... နေရာကတော့ ရပ်ကွက်ဘေးနားက ဘောလုံးကွင်းကြီးထဲမှာပေါ့...

" အိုး....  "

" မိုက်တယ် ကွာ... .."

" မိုက်တယ် ... ကျတော် တက်ဆိုချင်တယ် ရမလား အကိုကြီးဖိုးသက် .... "

" ဟ ... ရတာပေါ့ကွ ငချစ်ရ ... ငါတို့တွေ ငါတို့အကိုကြီးတွေလည်း ဆိုကြမှာပဲကို ... တီးတာကလည်း ငါတို့တွေပဲ ပစ္စည်းတွေသာ ငှားလာမှာ ... ကိုဇော်ဦးကြီးက ဒရမ်တီးမှာ ... ကိုပန်းကြီးက အော်ဂင်တီးမယ် ငါ က လိဒ်ဂစ်တာ နဲ့ ကိုကြီးသာဒင်က ဘေစ့်ဂစ်တာ တီးမယ် .. အဲ့လိုမျိုး ... ဒါနဲ့ နေစမ်းပါအုန်း မင်းက ဘာသီချင်း ဆိုချင်တာလည်း .."

" ကျတော်က ကိုညီထွဋ်ရဲ့ ဂန ္တဝင်စိမ်း ဆိုချင်တာ အဲ့ဒီသီချင်းကို ကြိုက်တယ် ... ဒီလိုပွဲမျိုးမှာ ဆိုလိုက်ရလို့ကတော့ ရှယ်ပဲ .... ကျတော် ရေလည်မိုက်အောင် ဆိုပြမယ် .... အားလုံး ငေးသွားစေရမယ် ... ချစ်သော် ဘာလဲဆိုတာကို ပြရမယ် .... "

" ဟကောင်ရ ဟုတ်မှလည်း လုပ်ပါကွာ အဲ့ဒီ သီချင်းက နဲနဲ ခက်တယ်နော် ... တီးရတာက ငါတို့အတွက် ခက်တာ မဟုတ်ဘူး ဆိုရတာက ခက်တယ် မင်း အသက်ရှုရတာတွေ ဘာတွေ သေချာပြင်ရမယ်ကွ..."

" အင်း .... ကျတော် သိပါတယ် ကိုဖိုးသက်ရ ... စိတ်ချပါ ကျတော် ကျင့်ထားမှာပေါ့ ဗျ ... အချိန်လည်း ရပါသေးတယ် ... အပြင်းအထန် ကျင့်ထားမယ် စိတ်ချ ... စိတ်ချ ..."

.....
......

ဒီလိုနဲ့ သီတင်းကျွတ် ပွဲတော်ည ကိုရောက်လာပါတော့တယ်...

ရပ်ကွက်တွေမှာကလည်း ဒီလို ပွဲတော်မျိုး ရှိရင် အနီးနားက ရပ်ကွက်တွေကလည်း စုရုံးပီးတော့ လာတတ်ကျတယ် မဟုတ်လား ... အဲ့တော့ စတိတ်ချ်ရှိုး စင်ရှိတဲ့နေရာကို သွားတဲ့လမ်းတောက်လျောက် ဘယ်ကဘယ်လို ရောက်လာမှန်းမသိရတဲ့ ဈေးဆိုင်လေးတွေ တန်းစီနေတာပဲဗျာ ...

မုန့်ဆိုင်လေးတွေကလည်း အများကြီးပဲ ... လူတွေဆိုတာများ ... အိုး .... ယောက်ယက်ခက်နေတာပဲ ... လူတွေလည်း ပွဲငတ်နေတာ ကြာနေပီကိုး ... တချို့ဆို မိသားစုလိုက် ကလေးတွေ တို့လို့တွဲလောင်းနဲ့ ... တချို့ကလေးတွေကလည်း လမ်းဘေးမှာ ရောင်းနေတဲ့ အရုပ်လေးတွေ ငေးမောရင်း မိဘတွေကို ဘာမှန်းညာမှန်းမသိ ပူဆာလို ပူဆာပေါ့ ... တခါတည်းကို ဆူညံနေတာပဲဗျာ ... လူတွေကလည်း ပွဲကိုတောင့်တနေကျ...  ကလေးတွေကလည်း ပျော်ပေါ့ ...

ဒီလိုနဲ့ ပွဲစတော့မယ့် အချိန်ကို ရောက်လာပါပီဗျာ ....

...
...

အရှေ့ပိုင်းမှာ ဆိုမယ့်သူတွေရှိနေသေးတာဆိုတော့ ချစ်သော်တယောက် စင်အနောက်ဘက် ကွင်းပြင်ထဲမယ် ဟန်ရေးတပြပြနဲ့ ဖြစ်နေတာပေါ့ .... ဝတ်ထားတာကလည်း ကြည့်လိုက်အုန်းလေ ...

Levi's 501 Jeans ဘောင်းဘီအကျပ်၊ တီရှပ် အနက်ရောင် အရိုးခေါင်းပုံနဲ့ လက်မှာကလည်း လက်အိတ်တဖက်ကို စွပ်လျက်သား၊ အဲ့လက်အိတ်ပေါ်မှာက အစူး  အစူးလေးတွေနဲ့ ဘယ်က ဘယ်လို ရှာလာလည်း မသိပါဘူး .... နောက်ပြီးတော့ ဆံပင်ကိုလည်း စုစည်းထားသေးတယ် ...Rocker စတိုင်ပေါ့ ...  လက်မှာလည်း တုတ်အတို တချောင်း ကိုင်ပြီးတော့ မိုက်ပုံစံ ကိုင်ပြီးတော့ စင်နောက်မယ် ဂိုက်ပေးကြမ်းနေတာ ... သီချင်းကျင့်နေတာပေါ့ .....

ကဲ ပွဲစပါပီ....

ပထမဦးဆုံး ကိုဇော်ဦးကြီးက ဒရမ်နဲ့ အသံစမ်းရင်း အဖွင့်ကို စပါတယ် ... မြူးကြွတဲ့ ဒရမ်ဘိ တွေနဲ့ အရင်ဆုံး လူအများကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့တယ် ... တကယ့်ကို ပရော်ဖက်ရှင်နယ် တယောက်လိုပါပဲ... ပြီးတော့ ဒရမ်သံတွေ ခဏ နားသွားချိန် ဆက်တိုက်ဆိုသလိုပဲ ကိုပန်းကြီးကလည်း သူ့အော်ဂင်ကို ကျွမ်းကျင်စွာ တီးခတ်နိုင်တယ် ဆိုတာကို ထပ်ပြပါတယ် ... အဲ့လိုပဲ ကိုပန်းကြီး အော်ဂင်သံ နားတဲ့အချိန် ကိုကြီးသာဒင်က ဘေစ့်ဂစ်တာကို တဗြင်းဗြင်းတီးခတ်ပြရင်း .... နောက်ဆုံး ကိုဖိုးသက်ကြီးက အဲ့အချိန်အဲ့အခါက ခေတ်စားတဲ့ Highway Star ရဲ့ မြူးကြွတဲ့ လိဒ်တီးကွက်ကို တီးခတ်ပြရင်း ပွဲကို စတင်ပါတော့တယ်ဗျ....

ပထမဆုံး အစီအစဉ်မှုးကြီးဖြစ်တဲ့ ကိုအိုဗာကြီးက ကျတော်တို့ တီးဝိုင်းကလူတွေကို မိတ်ဆက်စကားပြောပေးပါတယ် ... လိဒ်တီးတာက ဘယ်သူ.. ဒရမ်တီးတာက ဘယ်သူ... ဘေစ့်ဂစ်တာတီးတာက ဘယ်သူ.. အော်ဂင်က ဘယ်သူ အဲ့လိုမျိုးပေါ့... သိနေကျလူတွေပေမယ့် တခြားလူတွေ တခြားရပ်ကွက်ကလူတွေ သိသွားအောင် မိတ်ဆက်ပေးတာပေါ့ဗျာ ... ပြီးတော့ သီဆိုမယ့်သူတွေကို အလှည့်ကျ ဖိတ်ခေါ်မယ့်သူအဖြစ် သူက နေရာယူထားပါတယ်...

ပထမဆုံး သီဆိုမယ့်သူကလည်း တခြားသူတော့ မဟုတ်ဘူးဗျ ... ကျတော်တို့ တီးဝိုင်းရဲ့ ကပ်ပတိန်ကြီး တီးဝိုင်းခေါင်းဆောင် ကိုကြီးသာဒင်ရဲ့ သီချင်းဆိုသံနဲ့ စဖွင့်ပါပီ... နောက် ကိုပန်းကြီးပေါ့ ... နောက် ကိုဖိုးသက် ... နောက် ကိုဇော်ဦးကြီး ... သူတို့တွေက စတိုင်အပြည့် ဟန်အပြည့်နဲ့ သီဆိုသွားတာများ ချစ်သော်တို့လို လူပျိုပေါက် ကလေးတွေ ငေးနေရတာပေါ့ ... စတိုင်တွေကလည်း အခုခေတ်စကားနဲ့ဆို ရေလည်လန်းတယ်လေ .... သူတို့ ဝတ်ဆင်ထားပုံနဲ့ ဆိုသွားတဲ့ ဟန်ပန်နဲ့က တကယ့် Rocker ကြီးတွေ စတိုင်မျိုး အကုန်လုံးကလည်း ဆံပင်ကြီးတွေ အရှည်နဲ့ ပခုန်းကျော်ကျော် ဆံပင်ကြီးတွေကို ရမ်း ရမ်းပီးတော့ ဆိုနေကျတာဗျ .... ဘာပြောကောင်းမလည်း ရေလည် လန်းပေါ့ ....

နောက်ပီးတော့မှ ရပ်ကွက်ထဲက ဖိုးဆိုချင် မယ်ဆိုချင်တွေအလှည့် စပါတော့တယ် .... ဒီလိုနဲ့ အစီအစဉ်အတိုင်း တယောက်ပီး တယောက် တက်လာလိုက် ဆိုလိုက်ကျ ... သီချင်းတွေ မေ့တဲ့သူတွေနဲ့ စင်ပေါ်ရောက်မှ လူအုပ်ကြီးကို တွေ့ပြီး ကတုန်ကရင် ဖြစ်နေတာနဲ့ဆိုတော့ ပွဲက ရီလည်း ရီရ ... ဆိုသွားတာတွေကလည်း အဆင်ပြေတဲ့သူတွေ ကျတော့လည်း အရမ်းကို မိုက်တယ် နားထောင်ရတာ ... ဒီအချိန်မှာ ကိုယ်ချစ်နေတယ့်သူတွေကို သီချင်းဆိုရင်း ကြူနေကျတာလေ ...

.....
.....

ဒန် .. တန့် ... တန်...

....

အီဖေကိုယ် ချစ်သော်အလှည့် နီးလာပါပီ ... ချစ်သော်မဆိုခင် တီးဝိုင်းကို ခဏလေး နားပါတယ် ကိုသာဒင်ကြီးတို့လို တီးတဲ့သူတွေ ခဏ အနားယူဖို့ စင်ပေါ်က ဆင်းလာကျတဲ့အခါ စင်နောက်မှာ ဂိုက်ပေးကြမ်းနေတဲ့ ချစ်သော် ကိုမြင်တော့ ..... စိတ်ပူပြီး လှမ်းမေးရှာတယ် ...

"ဟေ့ကောင် ငချစ် အိုကေရဲ့လား ရယ်ဒီပဲလား .... စင်ပေါ်မှာတော့ သောက်တလွဲတွေ မလုပ်နဲ့နော် ... ငါတို့နဲ့ပေါင်းနေပီးတော့ ... ငါတို့ သောက်ရှက်ကို မခွဲနဲ့အုန်း ..."

"အခုပြန်စရင် မင်းက အရင်ဆုံးနော် သေချာဗြင်း ဟုတ်ပီလား ... "

"စိတ်ချပါဗျ ကိုကြီးဒင်ရ ... ချစ်သော်ပါ ... မပိုင်ရင် ခြင်မရိုက်ပါဘူးဗျ ... ကြည့်လိုက် ကိုကြီးဒင် ရှိုးလိုက် .... ချစ်သော် ရေလည် လန်းအောင် ဆိုပြမယ် ..."

"အေးပါ ငါ့ကောင်ရာ ... ကြည့်သေးတာပေါ့... "

ဒုတိယအပိုင်း ပြန်စပါပီ......

အစီအစဉ်ကြေငြာတဲ့ ကိုအိုဗာကြီးက " အခု သီဆိုဖျော်ဖြေမယ့်သူကတော့ ချစ်သော် ဖြစ်ပါတယ် ... သူသီဆိုမယ့် သီချင်းရဲ့ နာမည်ကတော့ ဂန ္တဝင်စိမ်း ဖြစ်ပါတယ် ...  " လို့လည်း ကြေငြာလိုက်ရော ... နားထောင်မယ့်သူ တွေ ကတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ လက်ခုပ်တွေ တီးကျတာပေါ့...

ချစ်သော်တယောက် တကယ့် Rocker ကြီးတယောက်လို စင်ပေါ်ကို တည်တည်ငြိမ်ငြိမ်ပဲ လှမ်းတက်လာတော့တယ် ...စတိုင်ကလည်း မုဒ်တွေ အပြီအပြင် သွင်းထားတာပေါ့ ... မသိရင် တကယ့် ဇော်ဝင်းထွဋ် စင်ပေါ်တက်လာတဲ့ အတိုင်းကို ချနေတာ...

ကိုဖိုးသက်ကြီးကတော့ .... ချစ်သော်ကို ကြည့်ရင်း သီချင်း စလို့ရအောင်လို့ ဂစ်တာကြိုးတွေကို လုံးဝမဖိပဲ အလွတ် တချက်တီးလိုက်ပါတော့တယ် .... သူ့သီချင်းကလည်း အင်ထရိုတွေ ဘာတွေမှ မရှိတာကိုး.. သူ စဆိုမှပဲ အားလုံးက အတီးဝင်ရမှာ ဆိုတော့ ... ကြိုတိုက်ထားတုန်းကလည်း ဒီကောင် မဆိုးဘူးပေါ့ မှားမှာမဟုတ်ပါဘူး ဆိုပြီးတော့ တီးချလိုက်တာလေ... .

ဂျလွမ်.....

နေရာက ......

( ဟ မိုက်လှချီလား ငါ့အသံ .... )

အကုန်လုံး တိတ်နေတဲ့အချိန် စိတ်ဝင်တစား ကြည့်နေကျတော့ကာ ... ချစ်သော်ရဲ့ အသံတခုတည်းက စူးရှစွာ ထွက်ပေါ်လာတယ်လေ....

( တယ် ဟုတ်တဲ့ ငါပါလား  အဟိ... နောက်တကြော့ ထပ်ဆိုလိုက်အုန်းမယ် .... )

နေရာက.... နေရာက ... အဲ..

( အဲ ... အနောက်က ဘာပါလိမ့် ... မြက်ခင်းပီးတော့ ဘာလဲ ဟ ... လုပ်ကျပါအုန်း...  သေပီ... ကိုဖိုးသက်ကို လှမ်းကြည့်ပီး အကူအညီ တောင်းမှပဲ ...)

လိဒ်ဂစ်တာတီးနေတဲ့ ကိုဖိုးသက် လည်း စင်ပေါ်မှာ ကျီးကြည့် ကြောင်ကြည့်ဖြစ်နေတဲ့ ...  ချစ်သော်ကို သေချာကြည့်နေတယ် ... သူထင်တဲ့အတိုင်း ဖြစ်နေပီလေ ... ဒီကောင် စာသားမေ့နေပီ ... သောက်ဂွပဲ .... တခြားသီချင်းဆိုရင် ... တီးနေချိန်ဆိုတော့ ပြောပြလို့ရသေးတယ် ... ဘယ်သူမှလည်း ကြားမှာမဟုတ်ဘူး ... အခုတော့ .... ကွိုင်ပဲ .... ဒီကောင်ကတော့ ... ငါ့လှမ်းမကြည့်နဲ့ အေဘေးလေး ... ပြောတော့ မိုးလား ကဲလား နဲ့ ...

( ကဲ မထူးပါဘူးကွာ ... လာထား ... မှတ်မိတာပဲ ဆိုတော့မယ် .... )

နေရာက ... မြက်ခင်းတွေ စိမ်းစို ... စိမ်းစို.. စိမ်းစို...တယ် ...

ကမ္ဘာမြေကြီး... ဘယ်လိုသာယာနေတာ ကိုယ်မသိတော့ဘူး ....

ရေး ..ရေ့...ရေးး....ရေး.....

......
......

ဒီလိုနဲ့ တပုဒ်လုံး ပြီးအောင်တော့ ခပ်တည်တည် နဲ့ ဆိုချလိုက်ပြီးတော့ စင်နောက်ကို ပြေးသွားတော့တာပေါ့ဗျာ.... အပြင်မှာတော့ ရီသံတွေ ပလူပျံနေတာပေါ့ ... တဝါးဝါး ... တဟား ဟား.. နဲ့ ....

....

အဲ့လိုနဲ့ နောက်လူတွေ တက်ဆိုနေကျချိန် ချစ်သော်တကောင်တော့ အိမ်ပြန်ပြေးပီးတော့ စောင်ခေါင်းမြီးခြုံ ပုန်းနေပါတော့တယ်... ဟိတ်ကြီးဟန်ကြီး လုပ်ခဲ့သမျှ ရေလည်ဂွမ်းသွားတာပေါ့...

နောက်တနေ့ ...

" သောက်တလွဲ ငချစ် ဘာတဲ့... မြက်ခင်းတွေ စိမ်းစို ... စိမ်းစို ... နင့်ကျမှပဲ မကြားဖူးတာတွေ ကြားနေရပါလားကွ ...
ကိုညီထွဋ်ကြားရင် ကိုယ့်ဟာကိုယ် သတ်သေလောက်တယ် .... ဆောက်ကလေး .... ပြောတော့ လေကြီးမိုးကြီး ... ငပေါကောင် ... "

" အာ... တော်ပါတော့ ကိုကြီးဒင်ရာ... ဒီမယ် ရှက်လွန်းလို့ပါဗျ ...".

" ငါထင်တော့ ထင်သားပဲ ငချစ်တကောင်တော့ ဖောက်တော့မယ်လို့ .... "

ဟား ဟား ဟား ဟား

ဟား ဟား ဟား ဟား

......
.....
.....

................................................။..............................................

"အမလေး ကိုဖိုးချစ် ဘာတွေများ တယောက်ထဲ ပြုံးဖြီးနေတာလည်း သားလေးမောင်ဧရာ ငိုနေတာကိုတောင် မကြားရအောင်လို့ ... ဟိုမှာ ကလေးက သေးတွေလည်း ပေါက်ထား တာ အနှီးတွေကို ရွှဲနေပီ ..."

" နောက်ပီး နို့စာနေပီထင်တယ် ... နို့ဗူးတိုက်လိုက်အုန်းလေ ... တကတဲမှပဲတော် ... ရှင့်မလဲ အလုပ်မလုပ်ချင်လို့ အိမ်ထဲနေတာကို မပြောပါဘူး ..."

" မိန်းမက အပြင်မယ် ဟိုသွား ဒီသွား မောလာရတာကို ရှင်က နဲနဲပါးပါးလေးတောင်မှ ကူညီမယ် မစဉ်းစားဘူးတော် ... မိန်းမကပြောတော့ လူကြားတယ် ... ဟင်း ...."

" အေးပါကွာ ... အေးပါကွာ... "
" ငါလုပ်လိုက်ပါ့မယ် ..."
" ဟူးးးးးး"
( တယ် ဒီမိန်းမ ငါ လုပ်လိုက်ရ နာတော့မယ် ... )
.......
......

ပြီးပါပြီ

No comments:

Powered by Blogger.